24 Feb 2012

မိစ္ဆာ (07)

(၃)

ဇန်နဝါရီ (၂၂) ရက်နေ့

မနက် စောစော ရစ်ခ်ျတာ ဆေးခန်းကို ရောက်တော့ ဆေးရုံ အပေါက်ဝတွင် တီဗီ ရိုက်ကူးရေး ကားများ တင်းကြမ်း ပြည့်နှက် နေသည်ကို တွေ့လိုက် ရသည်။ အထဲ ဝင်မည် လုပ်တော့ ရဲ တစ်ယောက်က တား၏။

" တစ်ဆိတ် ခင်ဗျာ၊ ဒီ ဧရိယာကို ကွာရန်တင်း လုပ်ထား ပါတယ်"

အတော် ရယ်ချင် သွားသည်။ ကွာရန်တင်း လုပ်ဖို့ ညွှန်ကြား ခဲ့သည့် လူကို ကွာရန်တင်း လုပ်ထားသည့် အတွက် မဝင်ရတဲ့။ ဗ ရ ဌ ဝန်ထမ်းကဒ် ပြလိုက်မှ အဆင်ပြေ သွားသည်။

သူ မရှိသည့် ခြောက်နာရီ ခန့်သော အချိန် အတောအတွင်း ဘာတွေ ဖြစ်ကုန်ပါလိမ့်။ တီဗီ ကေဘယ်လ် ကြိုးများသည် အစည်းအဝေး ခန်းမ ဆီသို့ ဦးတည် နေသည်။ ဟော ဟိုမှာ ဒေါက်တာ နာဗာရီ။ ဘာဖြစ်မှန်း သူ့ကို မေးရမည်။

"ခင်ဗျားတို့ ဗ ရ ဌ က လူတွေ ရောက်နေပြီလေ။ ခက်ချင်း သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ပြင်ဆင် နေတာ"

ဒေါက်တာ နာဗာရီသည် တစ်ညလုံး အိပ်ရ သေးပုံ မပေါ်။ ချိုးကြား ညှပ်ထားသော သတင်းစာကို မာရီဆာ့ အား ပြလိုက်သည်။

မျက်နှာဖုံး သတင်းက "အေ့ဒ်စ် ကပ်ရောဂါ အသစ် ဆိုက်ကပ်ခြင်း" တဲ့။ ဘုရားရေ- ကလာရန်ဟမ်းစ် နှင့် သူ စကားပြော နေသော ဓာတ်ပုံကြီးက ပြူးလျှက်။

"ဒေါက်တာ ဒပ်ချက်က ဒီလို ကိစ္စမျိုး ထပ်မဖြစ်ဖို့ သတင်းစာ ရှင်းလင်းပွဲ လုပ်မှ ဖြစ်မယ်တဲ့" ဒေါက်တာ နာဗာရီက ပြောလိုက်သည်။

မာရီဆာသည် အရှိုက်ကို အထိုးခံ လိုက်ရသလို မရှုနိုင် မကယ်နိုင် ဖြစ်နေသည်။

"သူ ကျွန်မကို မနေ့က လာပြီး မေးတယ်။ တကယ်တော့ ကျွန်မ သူ့ကို ဘာမှ မပြောလိုက် ပါဘူး" ဟု ကယောက်ကတန်း ကာကွယ်၏။

"ကိစ္စ မရှိပါဘူးဗျာ၊ ဒေါက်တာ ရစ်ခ်ျတာလည်း ညက ဆုံးသွားပြီ။ နောက်ထပ် လူနာ လေးယောက် လည်း ထပ်ရောက် လာတယ်။ ကျွန်တော်တို့ ဒီသတင်းကို ဘယ်လိုမှ ဖုံးဖိ ထားလို့ မရနိုင် တော့ဘူး" ဟု မာရီဆာ့ ပုခုံးလေးကို ကိုင်ရင်း နှစ်သိမ့် လိုက်သည်။

"ဒေါက်တာ ဒပ်ချက် ဘယ်အချိန် ရောက်လဲ ဟင်"

"သန်းခေါင်ကျော်လောက်ကဗျ"

"ဘာလို့ ရဲတွေ ခေါ်ထား တာလဲ" ဆေးရုံ အပေါက်ဝမှ မားမားကြီး ရပ်နေသော ရဲသားကြီး တွေကို မေးငေါ့ရင်း မေးလိုက်သည်။

"ဒေါက်တာ ရစ်ခ်ျတာလည်း သေတယ် ကြားရော၊ လူနာတွေဟာ လက်မှတ်ထိုးပြီး အတင်း အဓမ္မ ဆေးရုံ ဆင်းမယ် လုပ်ကြ ပါလေရော၊ ဒါနဲ့ပဲ ပြည်နယ် ကျန်းမာရေး ကော်မရှင်နာ မင်းကြီး အမိန့်နဲ့ ဒီ အဆောက်အဦ တစ်ခုလုံးကို ကွာရန်တင်း လုပ်ခိုင်း လိုက်ပြီလေ"

မာရီဆာသည် သတင်းစာ ရှင်းလင်းပွဲ လုပ်သည့် နေရာသို့ သွားလိုက်သည်။ ဒေါက်တာ ဒပ်ချက် ရောက်လာပြီး တာဝန် လွှဲပြောင်း ယူလိုက်သည့် အတွက် ဝမ်းမြောက် မိသော်လည်း သူ့ကို မဆက်သွယ်သည့် အတွက် စိတ်ထဲ စနိုးစနောင့် ဖြစ်မိသည်။ အခန်းထဲ ရောက်တော့ ဒပ်ချက်က သတင်းစာ ရှင်းလင်းပွဲကို စနေပြီ။

ဒပ်ချက်၏ တည်ငြိမ်သော ဟန်၊ မာန် နှင့် ဥပဓိ ရုပ်တို့ကြောင့် ခန်းမ တစ်ခုလုံး ငြိမ်ကျ သွားသည်။ ဒေါက်တာ ဒပ်ချက်က ဗ ရ ဌ မှ ပညာရှင် များနှင့် စာနယ်ဇင်း သမားများကို မိတ်ဆက် ပေးသည်။ ကပ်ရောဂါ ဗေဒ ဌာနမှူး ဒေါက်တာ မာ့ခ် ဗရီလန်၊ ဗိုင်းရပ်စ် ဗေဒ ညွှန်ကြားရေးမှူး ဒေါက်တာ ပီရာစ့် အပ်ဘော့ထ်၊ ကူးစက် ရောဂါ ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ကလိပ်လိန်း နှင့် ကူးစက် ရောဂါ ထိန်းချုပ်ရေး စင်တာ ညွှန်ကြားရေးမှူး ဒေါက်တာ ပေါလ် အက်ကန်စတိန်း၊ ဗ ရ ဌ ၏ ဆင်ကြီးများ၊ ကျားကြီးများ၊ ခြင်္သေ့ကြီးများ အားလုံး အစုံအလင် ကြွမြန်း လာကြသည်ကိုး။

ဒပ်ချက်က အဖြစ်အပျက်ကို သတင်းစာ မီဒီယာ များအား ရှင်းပြ ရာတွင် ယခု ဖြစ်ရပ်သည် အေ့ဒါစ် ကပ်ရောဂါ အသစ် မဟုတ်ကြောင်း၊ ထိုသို့ ရေးသားသည်မှာ စိတ်ကူးယာဉ် ပုံကြီးချဲ့ လွန်းရာ ရောက်ကြောင်း၊ ဗိုင်းရပ်စ်ကြောင့်ဟု ယူဆရသော အမျိုးအမည်မသိ ရောဂါကြောင့် လူနာ အနည်းငယ် ဆေးရုံ တက်ရသဖြင့် ပြည်နယ် ကပ်ရောဂါ ဆရာဝန်ကြီးက ဗ ရ ဌ သို့ အကူအညီ တောင်းခံ ရခြင်း ဖြစ်ကြောင်း ပဏာမ ရှင်းလင်း ပြောကြားသည်။

သတင်းထောက် များက စိတ်အား ထက်သန်စွာ ရေးမှတ် ကြသည်။ သို့သော် ဒပ်ချက် စကား အရာ ရောက်ပါ့ မလား။ အမျိုးအမည်မသိ ဗိုင်းရပ်စ် ရောဂါ ဆိုသည့် စကားသာ သူတို့ ရင်ထဲ စွဲသွား လောက်ပြီ။

ဒပ်ချက် ဆက်ပြောသည်။ လူနာ စုစုပေါင်း ဆယ့်ခြောက်ယောက် ရှိကြောင်း နှင့် ပြဿနာ ကို ထိန်းချုပ် နိုင်ခဲ့ပြီဟု ယူဆ ကြောင်း။ ဒေါက်တာ လိန်းကို လက်ညှိုးညွှန်ပြပြီး ကွာရန်တင်း လုပ်ငန်းများ စတင် အသက်ဝင်အောင် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း နှင့် အလွယ်တကူ ထိန်းချုပ် ရနိုင်မည်ဟု မျှော်လင့်ကြောင်း ဆက်ပြောသည်။

ကလာရန်ဟမ်းစ် ထလာသည်။ မေးခွန်း မေးသည်။

"ဒေါက်တာ ရစ်ခ်ျတာဟာ ဒီဗိုင်းရပ်စ်ကို အာဖရိက က သယ်ဆောင်လာခဲ့တယ် ဆိုတာ ဟုတ်ပါ သလား"

ဒပ်ချက်က တည်ငြိမ်စွာ ပြန်ဖြေ၏။

"ကျွန်တော်တို့ မသိပါဘူး။ ဖြစ်နိုင်စရာတော့ ရှိပါတယ်။ ဒါပေမယ့် သံသယ ဖြစ်ဖွယ် ကိစ္စတွေ အများကြီးပဲ။ ဒေါက်တာ ရစ်ခ်ျတာဟာ အာဖရိက ကနေ လွန်ခဲ့တဲ့ တစ်လ ကတည်းက ပြန်လာ ခဲ့တာ ဆိုတော့ ရောဂါ ပျိုးချိန် အရ မဖြစ်နိုင် သလောက်ပဲ။ ပုံမှန်အားဖြင့် ဒီရောဂါ မျိုးတွေရဲ့ ရောဂါ ပျိုးချိန်ဟာ တစ်ပတ်လောက်ပဲ ကြာလေ့ ရှိတယ်"

နောက်ထပ် သတင်းထောက် တစ်ယောက် ထလာ ပြန်သည်။

"အေ့ဒ်စ် ရဲ့ ရောဂါ ပျိုးချိန်ဟာ အနည်းဆုံး ငါးနှစ်လောက် ကြာတယ်၊ အခု ဗိုင်းရပ်စ်ရဲ့ ရောဂါ ပျိုးချိန်က ဘာဖြစ်လို့ ဒီလောက် တိုရ တာလဲ။ တစ်လ ဆိုရင်ရော မဖြစ်နိုင် ဘူးလား"

သောက်ကျိုးနည်း- ဆေးပညာ အကြောင်း နကန်း တစ်လုံးမှ မသိတဲ့ သတင်းထောက်ရဲ့ ဘာ အဓိပ္ပါယ်မှ မရှိတဲ့ မေးခွန်း - ဒပ်ချက်သည် ဒေါသကို ထိန်းလိုက်သည်။

"အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်နဲ့ ခု ဖြစ်နေတဲ့ ဗိုင်းရပ်စ် သဘော သဘာဝချင်း တခြားစီပဲဗျ၊ မီဒီယာ တွေဟာ ဒီ အချက်ကို နားလည်ဖို့ လိုပါတယ်။ ဒါမှ ပြည်သူလူထုရဲ့ မလိုအပ်တဲ့ စိုးရိမ်ကြီးမှုကို ခင်ဗျားတို့ ဖြေသိမ့် ပေးနိုင်မယ် မဟုတ်လား"

"ခု ဗိုင်းရပ်စ်ကို မွေးလို့ ရပြီလား"

"မရသေးပါဘူး။ ဒါပေမယ့် မကြာခင် မွေးနိုင် မှာပါ။ အလွန်ဆုံး တစ်ပတ် ပါပဲ"

"မွေးလို့ မရသေးပဲနဲ့ အိပ်ခ်ျအိုင်ဗွီနဲ့ ကွာခြားတယ်လို့ ခင်ဗျား ဘယ်လို ပြောနိုင် မှာလဲ"

ဒပ်ချက် ထိုသတင်းထောက်ကို စိုက်ကြည့် လိုက်သည်။ သူ ဒေါသ ဖြစ်နေပြီမှန်း မာရီဆာ သိသည်။ သို့သော် တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေ၏။

"ကူးစက်ရောဂါ အမျိုးမျိုး ရှိသလို ဒီရောဂါတွေကို ဖြစ်စေတဲ့ ပိုးလည်း အမျိုးမျိုး ရှိတယ် ဆိုတာကို ကျွန်တော်တို့ ပညာရှင်တွေထက် ခင်ဗျားတို့ သတင်းထောက်တွေက ပို သိလိမ့်မယ်လို့ ကျွန်တော် မယူဆ ပါဘူး။ အချို့သော ပညာရပ် ဆိုင်ရာ ကိစ္စ တွေဟာ နက်နဲ ခက်ခဲလွန်း အားကြီးလို့ လူသာမန်တွေ သိအောင် ရှင်းပြဖို့ ခက်ပါတယ်။ ကဲ- ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်ကြပါစို့။ တစ်ခုခု ထူးခြားရင် ကျွန်တော် ထပ်ပြီး အကြောင်းကြား ပါ့မယ်။ ကျေးဇူး တင်ပါတယ် ခင်ဗျား"

သတင်းထောက်များ ဆူညံ ပွက်လောရိုက် သွားသည်။ မေးခွန်းများ ထပ်မေးရန် ကြိုးစား နေကြသည်။ ဒပ်ချက်က အားလုံးကို လစ်လျှူ ရှုလိုက်ပြီး အခြား ဗ ရ ဌ ဆရာဝန်ကြီး များနှင့် အတူ အခန်းထဲမှ ထွက်ခွာ ခဲ့ကြသည်။ မာရီဆာသည် သူတို့နှင့် တွေ့ဖို့ ကြိုးစားသော်လည်း လူအုပ်ကြီးကို မတိုးနိုင်။ အခန်း အပြင်ဖက်တွင် သတင်းထောက်များ ဆေးရုံဖက်သို့ သွားမည်ကို ရဲများက တားဆီးလျက် ရှိသည်။ ဗ ရ ဌ ဝန်ထမ်းကဒ်ကို ပြ၍ မာရီဆာ လိုက်သွား ခဲ့သည်။ ဒပ်ချက်ကို ဓာတ်လှေခါး နေရာတွင် မိ၏။

"ကိုင်း- ကောင်မလေးကို မိပြီ"

ဒပ်ချက်က ခပ်မြူးမြူး ပြော၏။ သူ၏ ကတ္တီပါရောင် မျက်လုံးများ အရောင်တောက် လာသည်။ မာရီဆာကို အခြားသူများနှင့် မိတ်ဆက် ပေးနေသော သူ့အသံမှာ မြူးကြွ လှသည်။

"ဆရာတို့ ဒီလောက် အများကြီး လာလိမ့်မယ်လို့ မထင်ဘူး" မာရီဆာက ဒပ်ချက်ကို ပြောလိုက်သည်။

"မလာလို့ မရဘူးကွဲ့။ တို့မှာ ရွေးချယ်စရာ မရှိဘူး" ဒေါက်တာလိန်းက ပြော၏။ ဒေါက်တာ အပ်ဘော့ထ် ကလည်း ခေါင်းညိတ်ပြသည်။ ပြီးတော့-

"သတင်းစာ ရှင်းလင်းပွဲ ကတော့ တစ်မျိုး တစ်ဘာသာ ပေါ့လေ။ အခု ဖြစ်တဲ့ ကပ်ရောဂါက ဆိုးတာတော့ အလွန် ဆိုးတာ အမှန်ပဲ။ တကယ်သာ အာဖရိကန် ဗိုင်းရပ်စ် သွေးယို ရောဂါ ဆိုရင် တို့အတွက် နိုးတစ်ဝက် ခြောက်အိပ်မက်ဆိုး ဖြစ်တော့မှာ အမှန်ပဲကွယ့်"

"ဒါက တကယ် ဖြစ်ကြောင်း သက်သေ ပြနိုင်ဦးမှ ပါဗျာ" ဒေါက်တာ အက်ကင်စတိန်းက ရသေ့ စိတ်ဖြေ ဝင်ပြော၏။

"ကြည့်ရတာ မျောက်က တစ်ဆင့် ကူးတာ ပိုဖြစ်နိုင်တယ်"

ဒေါက်တာ မာ့ခ် ဗရီလန်က သူ့ထင်မြင်ချက်ကို ဝင်ပြော၏။ သူပြောမှ သတိရသည်။

"ကျွန်မ မျောက်ဆီက သွေးနမူနာ မရလိုက်ဘူး" ဟု မာရီဆာ ပြောလိုက်၏။ ဒပ်ချက်က-

"ကိစ္စ မရှိတော့ဘူး။ မနေ့ညက ရောက်ရောက်ချင်းပဲ မျောက်ကို သတ်ပြီး ကလီစာတွေ ဗ ရ ဌ ပြန်ပို့ လိုက်ပြီ။ အသည်းနဲ့ ဘေလုံး နမူနာ အသားစ တွေက သွေးထက် ပိုကောင်းတယ်ကွယ့်"

ငါးထပ်သို့ ရောက်လာ ကြပြီ။ ဗ ရ ဌ ၏ ရွေ့လျား ဓာတ်ခွဲခန်းကြီး အားလုံး တပ်ဆင် ပြီးပြီ။ ကျွမ်းကျင် ဝန်ထမ်း နှစ်ယောက် အလုပ်ရှုပ် နေကြသည်။

"ဟို- အယ်လ်အေတိုင်း သတင်းစာ ဆောင်းပါးကိစ္စလေ၊ ကျွန်မ အမှားများ လုပ်မိ လိုက်သလား မသိဘူး"

မာရီဆာက ဒပ်ချက်ကို နှစ်ကိုယ်ကြား ကပ်၍ ပြောလိုက်သည်။ ဒပ်ချက်က ပြုံးရင်း-

"ကိစ္စ မရှိဘူး၊ နောက်သာ မဖြစ်စေနဲ့" ဟု ပြောရင်း နှာခေါင်း ရှုံ့ပြသည်။ သူ ဘာကြောင့် ဒီလို လုပ်ပြမှန်း မာရီဆာ နားမလည်။ ဆက်မေး လိုက်သည်။

"ဆရာ ရောက်ရောက်ချင်း ကျွန်မကို ဘာလို့ မခေါ်တာလဲ"

"ဩော်- လူ့စွမ်းအား ဆိုတာ အကန့်အသတ် ရှိတယ်ကွဲ့။ မင်း အကူအညိ မလိုသေးတာလဲ ပါတာပေါ့။ အမှန်တော့ တို့လည်း ရောက်ကတည်းက မအားဘူး။ ရွှေ့လျား ဓာတ်ခွဲခန်းဆင်၊ မျောက်ကို ခွဲစိတ်နဲ့ ခုမှ နည်းနည်း နားရတာ၊ သီးသန့် လူနာခန်းလည်း လုပ်ထားပြီးသား ဆိုတော့ အများကြီး အဆင်ပြေတယ်။ မင်းကို ဂုဏ်ပြုပါတယ် မာရီဆာ၊ အလုပ်သင် ကပ်ရောဂါ ဗေဒ သမား တစ်ယောက် အနေနဲ့ မင်း လုပ်ထားတာ သိပ်ကို ကောင်းတယ်"

မာရီဆာ တစ်ကိုယ်လုံး မြောက်တက် သွားသည်။ ဒပ်ချက်က သူ့ကို ချီးကြူးလွန်းလှသည်ကိုး။

"လုပ်စရာတွေတော့ အများကြီးပဲ။ ဒါပေမယ့် မင်းပြောတာ နားထောင် ချင်သေးတယ်။ ဒီည မင်းနဲ့ တို့ ညစာ စားကြမယ်လေ။ တို့ တည်းတဲ့ ဟိုတယ်မှာပဲ မင်းကို စာရင်းသွင်းထားတယ်။ မင်း အခုနေနေတဲ့ အပူ့ပိုင်း မိုတယ်ထက် စာရင်တော့ အများကြီး ပိုကောင်းပါလိမ့်မယ်"

"မိုတယ်က ပြဿနာ မရှိပါဘူး ဆရာ" ဟု သူပြောလိုက်သေးသည်။ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေသည်။ တစ်ခုခု ဖြစ်ဦးတော့ မလား။

မာရီဆာသည် သူ့အလုပ်ခန်း ရှိရာသို့ လာခဲ့ပြီး မပြီးသေးသော အလုပ်များကို ဆက်လုပ် နေ၏။ ပထမဆုံး ဆေးပညာ ညီလာခံ နှစ်ခုမှ စပွန်ဆာ အဖွဲ့အစည်းများကို ဆက်သွယ်၏။ အဆိုပါ ညီလာခံ များကို တက်ရောက်ခဲ့သူများ အနက် ထူးထူး ဆန်းဆန်း ရုတ်တရက် ဆိုးဝါးစွာ ဖျားနာသူများ ရှိလျှင် အကြောင်း ကြားရန် မှာခဲ့သည်။ နောက်ဖုန်းတစ်ခု၊ မာရီဆာသည် နှုတ်ခမ်းကို ကိုက်ထား၏။ ဆက်လိုက်လျှင် မသိသား ဆိုးဝါးရာများ ကျမလား။ သိပ်ရက်စက်လွန်းရာ ကျမလား၊ မတတ်နိုင်- သွားလေသူ ဒေါက်တာ ရစ်ခ်ျတာ၏ အိမ်ဖုန်းကို ဆက်လိုက်သည်။ မနေ့ညက မစ္စစ် ရစ်ခ်ျတာ ပေးမည်ဟု ကတိပြုထားသော ဒေါက်တာ ရစ်ခ်ျတာ၏ ဒိုင်ယာရီ ရနိုင် မရနိုင် မေး၏။ ဖုန်းကို အိမ်နီးချင်း တစ်ဦး လာကိုင်၏။ မုဆိုးမ ပူပူနွေးနွေး မစ္စစ် ရစ်ခ်ျတာကို ပြန်မေးပြီးနောက် နာရီဝက်လောက် အကြာတွင် သူ့အိမ်လာခဲ့ဖို့ ပြောသည်။

ဒေါက်တာ ရစ်ခ်ျတာ၏ အလွန် အင်မတန် လှပ၊ ဈေးကြီးသော အိမ်ကြီးသို့ မာရီဆာ သွား၏။ ဘဲလ်ကို အသာလေး တီးလိုက်သည်။ စောစောက ဖုန်းကိုင်သော အိမ်နီးချင်းပင် တံခါး လာဖွင့်ပေး၏။ ဆောင့်ကြီးအောင့်ကြီးဖြင့် မာရီဆာကို ခေါ်ဆောင်သွားသည်။

အင်နာ ရစ်ခ်ျတာ သည် ငါးမိနစ် အတွင်း ရောက်လာ၏။ အင်နာ ကြည့်ရသည်မှာ နေ့ချင်းညချင်း ဆယ်နှစ်လောက် အိုစာ သွားသလို ထင်ရသည်။ မျက်နှာက ဖြူဖတ်ဖြူရော်၊ မနေ့ညက အသေအချာ ပြင်ဆင် ကောက်လိပ် လာခဲ့သော ဆံနွယ်ခွေ ကလေးများမှာ အခုတော့ မျက်နှာပေါ် အချောင်းလိုက် အချောင်းလိုက် ဘိုသီဘတ်သီ ကျနေသည်။

အင်နာသည် စာရွက်အချို့ကို ကိုင်ထား၏။ ဘုရား အနိစ္စ၊ မနေ့က သူ့ခင်ပွန်း ကွယ်လွန်တဲ့ ညမှာ သူ ဒါတွေကို တစ်ညလုံး ထိုင်ရေးခဲ့ရ မှာပေါ့။ မာရီဆာ ဘာပြောရမှန်း မသိတော့။ အင်နာက ထို စာရွက်များကို ကမ်းပေးရင်း-

"ညက အိပ်မပျော်တာနဲ့ အတော်ပါပဲ၊ ဒီစာရွက် တွေကနေ သူနဲ့ ရောဂါ တူတူ ဖြစ်နေကြတဲ့ လူတွေကို ကယ်ဖို့ရန် သဲလွန်စများ ရမယ် ဆိုရင် ကျွန်မ ရေးရတာ ..........."

အင်နာသည် မျက်ရည် ဝိုင်းလာ၏။ သူက ရှိုက်ရင်း ရှိုက်ရင်း-

"သူက လူကောင်း၊ ဖခင်ကောင်း တစ်ယောက်ပါရှင်၊ ကျွန်မတို့ မိသားစုရဲ့ ကျေးဇူးရှင်းကြီးပါ"

ဒေါက်တာ ရစ်ခ်ျတာ နှင့် ဟယ်လင် တောင်းဆန့် တို့၏ တိတ်တခိုး ဇာတ်လမ်းကို သိထားသော်လည်း မာရီဆာသည် ဒေါက်တာ ရစ်ခ်ျတာကို လူကြီး လူကောင်း တစ်ယောက်လို့ပင် မှတ်ယူ လိုက်ပါသည်။ အင်နာ၏ သောကကို ဘယ်လို နှစ်သိမ့် ပေးရမှန်း သူမသိ။ မြန်မြန် ပြန်တာပဲ ကောင်းမည်။

-------------------------------------------------------------------------

2 comments:

  1. ဆက်ရန် မျှော်နေပါတယ်... :)

    ReplyDelete
  2. ဆက်ပါ့မယ်ဗျာ၊ လောလောဆယ် ခရီးသွား ဆောင်းပါးလေး တင်ပါရစေ...

    ReplyDelete