10 Feb 2012

မိစ္ဆာ (06)

လူနာတိုင်း၏ ရောဂါ မှတ်တမ်းကို ကြည့်လေလေ သေချာလေလေ ဖြစ်လာတာ တစ်ခုက ဆေးမှတ်တမ်း ဌာန စာရေးမ ဟယ်လင် တောင်းဆန့် နှင့် အယ်လင် ကလွဲ၍ ကျန် လူနာများသည် ဇန်နဝါရီ ၁၅ နှင့် ၁၆ ရက်နေ့များတွင် ဒေါက်တာ ရစ်ခ်ျတာထံ ရောက်ရှိ ဆေးကုသ ခံခဲ့ကြခြင်း ဖြစ်သည်။ မစ္စ တောင်းဆန့်၏ နောက်ဆုံး လူနာ မှတ်တမ်းမှာ သားအိမ်တွင် အရည်ကြည်အိတ် တည်သည့် အတွက် သားဖွားမီးယပ် ဆရာဝန်နှင့် ပြခဲ့သည့် အကြောင်း ဖြစ်သည်။ အယ်လင်၏ နောက်ဆုံး လူနာ မှတ်တမ်းကတော့ ဘတ်စကတ်ဘော ကစားရင်း ခြေကျင်းဝတ် လည်သွားသည့် အတွက် အရိုး အထူးကုနှင့် ပြခဲ့ခြင်း။ သူတို့ နှစ်ယောက်မှ အပ ကျန် လူနာများသည် ဒေါက်တာ ရစ်ခ်ျတာနှင့် တွေ့ပြီး နောက်ပိုင်းမှ ရောဂါ ဖြစ်လာသည် ဆိုခြင်းကြောင့် ဒေါက်တာ ရစ်ခ်ျတာသည် ယခု ရောဂါ ပျံ့ပွားရာ ပင်မ ရင်းမြစ်ဟု များစွာ သံသယ ဖြစ်ဖွယ် ကောင်းလာသည်။

အယ်လင် ဟူသော ဓာတ်ခွဲခန်း ကျွမ်းကျင် လူငယ်မှာ အပ်စူးမိရာက ရောဂါ ကူးစက်နိုင်ဖွယ် ရှိသော်လည်း တောင်းဆန့် ဘယ်လို ရောဂါ ကူးသည် ဆိုခြင်း ကိုတော့ စဉ်းစား၍ မရ။ တောင်းဆန့်သည် ဒေါက်တာ ရစ်ခ်ျတာနှင့် တစ်ပတ် အတွင်း တနေရာရာတွင် တွေ့ခဲ့ပုံ ပေါ်သည်။ ရစ်ခ်ျတာ ဖြစ်ပြီး ၄၈ နာရီအတွင်း ရောဂါ ဖြစ်သည်က တောင်းဆန့်ပင်။ ကြည့်ရတာ တစ်ခါထဲ တွေ့ခြင်း မဟုတ်၊ အကြိမ်ကြိမ် အခါခါ တွေ့ပုံ ရသည်။

-----------------------------------------

ဒေါက်တာ နာဗာရီ ထံမှ အကြောင်းကြား လာသည်။ ဆေးရုံ အစည်းအဝေး ခန်းမသို့ အမြန်ဆုံး လာခဲ့ပါ တဲ့။ ဒီနေ့ တစ်နေ့လုံး တစ်မိနစ်တောင် မနားရသေး။ ဒေါက်တာ နာဗာရီသည် သူ့ကို ဆေးခန်း၏ ပူးတွဲ ပိုင်ရှင် ဝီလီယမ် ရစ်ခ်ျတာနှင့် မိတ်ဆက် ပေး၏။ ဝီလီယမ်သည် သပ်ယပ် သားနားစွာ ဝတ်စားထား သော်လည်း ပင်ပန်းမှုနှင့် သောက ရောက်မှုကြောင်း မျက်နှာသည် ချောင်ကျလျက် ရှိသည်။

"ဆရာမ ခုလို ချက်ခြင်း ရောက်လာတာ ကျေးဇူးတင်ပါတယ်။ ခု ပြဿနာနဲ့ ပတ်သက်လို့ ဆရာမရဲ့ ထင်မြင်ချက် ကိုလည်း ကြားပြီး ပါပြီ။ လိုသမျှ အားလုံး ကျွန်တော်တို့ ထောက်ပံ့ပေး ပါ့မယ်။ တစ်ခုတော့ တောင်းပန်ချင်တယ်။ ဒီသတင်း အပြင်ကို မပျံ့ စေချင်ဘူး"

ဒပ်ချက်ကလည်း သူ့ကို ဒီအတိုင်း ပြောခဲ့သေးသည်။

"ကျွန်မ သဘောပေါက်ပါတယ်။ ကျွန်မတို့ ကွာရန်တင်း အစီအမံတွေကို အခုထက် ပိုပြီး လုပ်ကြရ လိမ့်မယ်"

မာရီဆာသည် ဒေါက်တာ နာဗာရီနှင့် ဝီလီယမ် ရစ်ခ်ျတာ တို့ကို ကွာရန်တင်း လုပ်ရမည့် သူများအကြောင်းကို ရှင်းပြနေ၏။ အလွန် ပြင်းထန် ဆိုးဝါးသည့် မြန်နှုန်းမြင့် ကူးစက် ရောဂါများ အတွက် လူနာများနှင့် စတင် ထိတွေ့သူ မှန်သမျှကို မူလ ထိတွေ့သော အုပ်စု။ ထိုသူများနှင့် ထပ်မံ ထိတွေ့သူ အားလုံးကို တစ်ဆင့်ခံ ထိတွေ့သော အုပ်စု ဟု ခွဲခြားပြီး အားလုံးကို ကွာရန်တင်း လုပ်ဖို့ လိုသည်။

"ဘုရားရေ၊ ဒါဆို လူပေါင်း ထောင်ချီ မှာပေါ့" ဒေါက်တာ နာဗာရီက ငြီးတွားလိုက်၏။

"အဲဒီလောက် ဖြစ်သွား နိုင်တာပေါ့။ ဆေးခန်းမှာ ရှိတဲ့ လူအင်အား အကုန် သုံးရ လိမ့်မယ်။ မလောက် သေးရင် ပြည်နယ် ကျန်းမာရေး ဌာနက လူအင်အားပါ သုံးဖို့ လိုကောင်း လိုမယ်"

မစ္စတာ ဝီလီယမ် ရစ်ခ်ျတာက-

"လူအင်အား ရအောင် ကျွန်တော်တို့ စီမံပါ့မယ်။ ဒါပေမယ့် ရောဂါ သေချာတဲ့ အထိ စောင့်လို့ မရဖူးလား"

"မရဘူးရှင့်၊ သိပ်နောက်ကျ သွားလိမ့်မယ်။ မလိုအပ်ရင် ကွာရန်တင်းကို အချိန်မရွေး ပြန်ရုပ်သိမ်းလို့ ရပါတယ်"

"ဒါဆို မီဒီယာ တွေကို ဖုံးကွယ် ထားဖို့ မဖြစ်နိုင်တော့ဘူးပေါ့"

"အမှန် ပြောရရင် မဖြစ်နိုင်ဘူး။ ကျွန်မတို့ဟာ မီဒီယာ ကိုတောင် သုံးပြီး ထိတွေ့ သူတွေကို ကွာရန်တင်း လုပ်ဖို့ လိုတယ်။ မူလ ထိတွေ့သူတွေကို တစ်ပတ် တိတိ သီးခြား ခွဲထားပြီး ကိုယ် အပူချိန်ကို တစ်ရက် နှစ်ကြိမ် တိုင်းရမယ်။ အပူချိန် ၁၀၁ ဒီဂရီ ကျော်တာနဲ့ ချက်ခြင်း ဆေးရုံ လာဖို့ ဆော်ဩ ရမယ်။ တစ်ဆင့်ခံ ထိတွေ့သူ တွေကတော့ ပုံမှန် အတိုင်း အလုပ်လုပ် နိုင်ပေမယ့် အဖျားတော့ တစ်ရစ် တစ်ကြိမ် ပုံမှန် တိုင်းဖို့ လိုတယ်"

မာရီဆာသည် မတ်တပ်ရပ်ပြီး အညောင်းဆန့် လိုက်သည်။

"ကျွန်မရဲ့ ဘော့စ် ဒေါက်တာ ဒပ်ချက် ရောက်ရင် သူ ထပ်ပြီး ရှင်းပြ ပါလိမ့်ဦးမယ်။ အခု ကျွန်မ ပြောခဲ့ တာတွေက ကပ်ရောဂါ နှိမ်နင်းရေးနဲ့ ပတ်သက်လို့ ဗ ရ ဌ ရဲ့ စံတွေပါပဲ။ ရစ်ခ်ျတာ ဆေးခန်းမှာ ဒါတွေ အရင်ဆုံး စီမံ ဆောင်ရွက် ရမယ်။ ပြီးရင် ဗိုင်းရပ်စ် ဘယ်က အစပြုခဲ့သလဲ ဆိုတာ ရှာရမယ်"

မာရီဆာသည် အစည်းအဝေးခန်းမှ ထွက်လာ ခဲ့သည်။ ဒေါက်တာ ရစ်ခ်ျတာ၏ ရုံးခန်းကို သွားရမည်။ သူ့အခန်းက ဒုတိယထပ်တွင် ဖြစ်၏။ တံခါး ပိတ်ထားသည်။ သော့တော့ မခတ်ထား။ အခန်းတံခါး ခေါက်ပြီး တွန်းဝင် လိုက်သည်။ အထဲမှာ ဒေါက်တာ ရစ်ခ်ျတာ၏ ဧည့်ကြို အမျိုးသမီး ရှိသည်။ မည်သည့်ကိုမှ မမျှော်လင့် ထားသည့် ဧည့်ကြို အမျိုးသမီးသည် ဆေးလိပ် သောက်လျှက် ရှိသည်။ မာရီဆာကို မြင်မှ စီးကရက်မီး ကမန်းကတမ်း ငြိမ်းလိုက်သည်။

"ကျွန်မ ဘာကူညီ ရမလဲရှင့်"

ဧည့်ကြို အမျိုးသမီးသည် အသက် ငါးဆယ်ခန့် ရှိပြီ။ ဘော်ငွေရောင် ဆံပင်ဖြင့်။ ရင်ဘတ်တွင် ရေးထိုး ထားသော ဝန်ထမ်းကဒ်တွင် သူ့အမည် မစ္စ ကာဗင်နာဟု ဆိုသည်။ မာရီဆာက သူ ဘယ်သူ ဆိုတာကို ခပ်မြန်မြန် ရှင်းပြ လိုက်ပြီး-

"ဒေါက်တာ ရစ်ခ်ျတာဟာ ရောဂါ ဘယ်လို ရလာတာလဲ ဆိုတာ ကျွန်မ စုံစမ်း နေတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း သူ့ရဲ့ အလုပ် ဇယား အချိန် အတိအကျကို လိုချင် ပါတယ်။ သူ့ဇနီး ကိုလည်း ကျွန်မ မေးဦးမှာပါ"

"ရပါတယ်ရှင့်၊ ကျွန်မ လုပ်ပေး ပါ့မယ်"

"ရောဂါ မဖြစ်ခင် တစ်ခုခု ထူးခြားတာများ သတိပြု မိသလား"

"ဘယ်လို ဟာမျိုးပါလိမ့်"

"မျောက်ကိုက် ခံရတာတို့၊ ပိုက်ဆံအိတ် အလုခံရတာ တို့ပေါ့" မာရီဆာက သူသိပြီးသော ကိစ္စများကို ပြောလိုက်သည်။

"ဟုတ်တယ်လေ၊ အဲဒါတွေ ဖြစ်ခဲ့ပြီးပြီ။ ဩော် သူ့ကား နဲနဲ ထိခိုက်သွားသေးတယ်"

"အင်း- အဲဒါမျိုးတွေ နဲနဲ စဉ်းစားကြည့် ပါဦး။ ဒါနဲ့ သူ အာဖရိက သွားတော့ ရှင်ပဲ စီစဉ်ပေး ရတာလား"

"ဟုတ်ကဲ့"

"ဆန်ဒီယာဂို သွားတုန်းကရော"

"ကျွန်မပဲ စီစဉ်တာပါ"

"အဲဒီ တုန်းက စပွန်ဆာ ပေးတဲ့ သူတွေရဲ့ ဖုန်းနံပါတ်တွေ လိုချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ် အတွင်း ဒေါက်တာ ရစ်ခ်ျတာ ကြည့်ခဲ့တဲ့ လူနာ စာရင်းလည်း လိုချင်တယ်။ ဒါနဲ့ ဟယ်လင် တောင်းဆန့် ကိုရော သိပါ သလား"

မစ္စ ကာဗင်နာသည် မျက်မှန် ချွတ်ပြီး သက်ပြင်းချ လိုက်သည်။

"ဟယ်လင် တောင်းဆန့် ကရော ဒေါက်တာ ရစ်ခ်ျတာ ဖြစ်တဲ့ ရောဂါမျိုး ဖြစ်နေသလား"

"ဟုတ်တယ်ရှင့်၊ သူကရော ဒေါက်တာ ရစ်ခ်ျတာရဲ့ လူနာလား"

"သူက လူနာ မဟုတ်ဘူး၊ ချစ်သူ၊ ကျွန်မ ဒေါက်တာကို အကြိမ်ကြိမ် သတိပေး ပါတယ်။ ဟယ်လင်ဟာ ပျံတန်တန် နန့်တန့်တန့် ကလေးမို့ သူ့ဆီက ရောဂါဆိုးတွေ ကူးလိမ့်မယ်လို့၊ ဒေါက်တာက ကျွန်မ စကား နားမထောင်ဘူးလေ"

"ဒေါက်တာ ရစ်ခ်ျတာ ရောဂါ မဖောက်ခင် ဟယ်လင်နဲ့ တွေ့သေးသလား"

"ရောဂါ မဖောက်ခင် တစ်ရက်က သူတို့ တွေ့ကြ သေးတယ်"

မာရီဆာသည် ဧည့်ကြို အမျိုးသမီးကြီးကို ငေးကြည့် နေမိသည်။ တကယ်တော့ ဟယ်လင် တောင်းဆန့်က ဒေါက်တာ ရစ်ခ်ျတာကို ရောဂါ ပေးခြင်း မဟုတ်ပါ။ ဒေါက်တာ ရစ်ခ်ျတာ ကသာ အားလုံးကို ရောဂါ လိုက်ပေးခြင်း ဖြစ်၏။ ကပ်ရောဂါ ဗေဒ စကားဖြင့် ဆိုသော် ဒေါက်တာ ရစ်ခ်ျတာသည် မူလ ရောဂါ စတင် ဖြစ်ပွား ဖြန့်ဖြူးသူ (Index case) ဖြစ်သည်မှာ ပို၍ သေချာလာ၏။ သူ့ အလုပ်ချိန် များကို အတိအကျ ပြန်လည် ဖော်ထုတ်ရန် အလွန် လိုအပ် လာပြီ။

မာရီဆာက မစ္စ ကာဗင်နာကို သူတောင်းဆို ထားသည်များကို အမြန် လုပ်ပေးရန် ပြော၏။ ကာဗင်နာက-

"ကျွန်မ တစ်ခုလောက် သိချင် သေးတယ်"

"ဘာများလဲရှင့်"

"ဒီရောဂါ ဟာလေ ကျွန်မ ကိုများ ကူးစက် နိုင်မလား"

မာရီဆာ သက်ပြင်း ချလိုက်သည်။ သူသည် မလိုအပ်ပဲ ထို အမျိုးသမီးကြီးကို ကြောက်ရွံ့ ထိတ်လန့်ခြင်း မဖြစ်စေလိုပါ။ သို့သော် ညာပြော၍လည်း မဖြစ်။ မစ္စ ကာဗင်နာသည် ဒေါက်တာ ရစ်ခ်ျတာနှင့် အနီးကပ် ထိတွေ့ထားသည့် မူလ ထိတွေ့သူ အုပ်စုဝင် မဟုတ်လား။

"ရောဂါ ကူးနိုင်ချေ ရှိတယ်။ ဒါကြောင့် တစ်ပတ် အတွင်း အသွားအလာ အနေအထိုင် ဆင်ခြင် ရမယ်။ ကျွန်မတို့ ရှင့်ကို တစ်ရက် အဖျား နှစ်ကြိမ် တိုင်းပေးမယ်။ ဒါပေမယ့် အခုထက်ထိ ဘာမှ မဖြစ်သေးရင် ဖြစ်ဖို့ အလားအလာတော့ အင်မတန် နည်းပါတယ်"

-------------------------------------

မာရီဆာသည် မစ္စ ကာဗင်နာ ကို နှစ်သိမ့်ခဲ့ သော်လည်း သူကိုယ်တိုင် ကတော့ ကြောက်လန့်လျက် ရှိသည်။ ရောဂါ ကူးနိုင်ချေက သူ့အတွက်ရော နည်းရဲ့လား။ အဆမတန် အလုပ် လုပ်ခဲ့မှုကြောင့် ပင်လည်း ပင်ပန်း လှပြီ။ အနားမယူနိုင်သေး။ မှတ်တမ်းတွေ ပြန်ကြည့်သည်။ ဒေါက်တာ ရစ်ခ်ျတာ ရဲ့ လူနာ တွေမှာ အချို့က ရောဂါ ဖြစ်ပြီး အချို့က မဖြစ်တာ ဘာကြောင့်လဲ။ ဒေါက်တာ ရစ်ခ်ျတာ၏ အမျိုးသမီး ထံလည်း ဖုန်းဆက် ရမည်။ ဧည့်ကြိုနှင့် မိန်းမ နှစ်ယောက် ဆီက ရသော သတင်း အချက်အလက် များဖြင့် လွန်ခဲ့သည့် နှစ်ပတ် အတွင်းက ဒေါက်တာ ရစ်ခ်ျတာ၏ ပုံရိပ်လွှာကို ပုံဖော် နိုင်ကောင်းပါရဲ့။

ငါးထပ်သို့ ပြန်တက် ခဲ့သည်။ ဒေါက်တာ နာဗာရီနှင့် တွေ့သည်။ သူလည်း မာရီဆာ့ နည်းတူ ပင်ပန်း လှပြီ။

"ဒေါက်တာ ရစ်ခ်ျတာ အခြေအနေ အတော်ဆိုး နေပြီးဗျ။ နေရာအနှံ့ သွေးတွေ ယိုနေတယ်။ ဆေးထိုးထားတဲ့ အပ်ပေါက်ရာတွေ၊ သွားဖုံးတွေနဲ့ အစာအိမ် အူလမ်းကြောင်း နေရာစုံပဲ။ ကျောက်ကပ်လည်း ပျက်စီး သွားပြီ ထင်တယ်။ သွေးပေါင်တွေ ထိုးကျ နေတယ်။ နောက်ဆုံး ကြိုးစားတဲ့ အနေနဲ့ ကျွန်တော်တို့ အင်တာဖရွန် ထိုးဆေး ထိုးကြည့်တယ်။ ဘာမှ အကြောင်း မထူးဘူး။ ဘာဆက်လုပ် ရမှန်းကို မသိတော့ ပါဘူးဗျာ"

"ဟယ်လင် တောင်းဆန့်ရော"

"သွေးစယို နေပြီ။ သူလည်း ဆိုးတာပဲ"

မာရီဆာသည် အတ္တလန်တာသို့ ချက်ခြင်း ဖုန်းဆက်သည်။ လမ်းမှာ ရောက်နေပြီဟု ယူဆထားသော ဒပ်ချက်နှင့် တွေ့၏။ သူ မလာသေး။

"ဒီမှာ အခြအနေ အတော် ဆိုးနေပြီ ဆရာ၊ ပထမဆုံး စဖြစ်တဲ့ လူနာ နှစ်ယောက် သွေးယို နေပြီ။ ဗိုင်းရပ်စ် သွေးယို ရောဂါလို့ ပြောလို့ ရပြီ ထင်တယ်။ ဘယ်လို လုပ်ပေးရမှန်းလည်း မသိကြဘူး"

"တကယ်တော့ ဘာမှ လုပ်ပေးစရာ သိပ် မရှိလှဘူး ကလေးမ၊ သွေးမခဲဆေး ထိုးချင်ထိုး၊ ဒီလောက်ပဲ လုပ်လို့ ရမယ်၊ ဘာကောင့်ကြောင့် ဖြစ်သလဲ သိရင်တော့ ဟိုက်ပါ အက်တစ် အင်မြူး ဆီရမ် တို့ဆီမှာ ဖော်ထုတ် နိုင်ကောင်း ပါရဲ့။ ဩော်- မင်းပို့လိုက်တဲ့ နမူနာတွေ ရပြီ၊ တက်ဒ် ဆက်လုပ် နေတယ်"

"ဆရာ ဘယ်တော့ လာမှာလဲ"

"အခုပဲ၊ ရွေ့လျား ဓာတ်ခွဲခန်း အတွက် ပစ္စည်းတွေ ထုပ်ပိုးတာ စောင့်နေလို့"

"ဟုတ်ကဲ့ပါ ဆရာ၊ မြန်မြန်လေးနော်"

------------------------------------------

ဖျတ်ကနဲ မာရီဆာ လန့်နိုး သွားသည်။ နာရီကို ကြည့်တော့ ည ဆယ်နာရီ တစ်ဆယ့်ငါး။ သူ ဆယ့်ငါးမိနစ်လောက် ငုတ်တုတ်ကြီး အိပ်ပျော် သွားခဲ့သည်ပေါ့။ တော်ပါသေးရဲ့၊ ဘယ်သူမှ မရှိလို့။ မတ်တပ် ထရပ် လိုက်တော့ မိုက်ကနဲ ဖြစ်သွားသည်။ ခေါင်းတွေကလည်း တဒိန်းဒိန်း ကိုက်ပြီး လည်ပင်း ကလည်း နာလာသည်။ ပင်ပန်းလွန်းလို့ ဖြစ်တဲ့ လက္ခဏာတွေ ဖြစ်မှာပါ။ ဗိုင်းရပ်စ် သွေးယို ရောဂါများလား။ ဘုရား- ဘုရား။ သေချင်စော် နံလောက်အောင် ပင်ပန်သော နေ့ပါပဲ။ နောက်ထပ် လူနာ လေးယောက် အရေးပေါ် ခန်းကို ထပ်ရောက် လာသည်။ အားလုံးမှာ ခေါင်းကိုက်၊ ချမ်းဖျားတက်၊ အော့အန်၊ တူညီသော လက္ခဏာ များနှင့်၊ တစ်ယောက်က သွေးပင် စယို နေပြီ။ ပြီးတော့ မူလ လူနာများနှင့် စတင် ထိတွေ့သော အိမ်သားတွေ ချည်းသာ။ ကွာရန်တင်းကို ချက်ခြင်း လုပ်မှ ဖြစ်တော့မည်။ ဗိုင်းရပ်စ်သည် ဒေါက်တာ ရစ်ခ်ျတာ၊ သူ့လူနာ များနှင့် သူတို့ အိမ်သားများ မျိုးဆက် သုံးဆက် ကူးပြီးပြီ။ မာရီဆာသည် သွေးထုတ်၊ ဆီးယူ၊ သလိပ်ယူ၍ အတ္တလန်တာသို့ ပို့လိုက်ပြန်သည်။

သူ ဒီထက် ဆက်မလုပ်နိုင်တော့။ အားကုန်ပြီ။ အစွမ်းကုန်ပြီ။ မိုတယ်သို့ ပြန်ဖို့ ဆုံးဖြတ် လိုက်သည်။ ပြန်မည် လုပ်ကာမှ ဒေါက်တာ ရစ်ခ်ျတာ၏ ဇနီးက သူ့ကို တွေ့ချင် ပါသတဲ့။ မတွေ့နိုင်ဟု ပြောဖို့ ကလည်း ရက်စက်လွန်းရာ ရောက်မည်။ ကဲ- တွေ့မည်။

ဆေးရုံ ဧည့်ခန်းတွင် အင်နာ ရစ်ခ်ျတာ ထိုင်စောင့် နေ၏။ အသက် သုံးဆယ်ခန့်၊ ခပ်ချောချော အမျိုးသမီးမှာ သူ့ခင်ပွန်း လွန်ခဲ့သည့် နှစ်ပတ်အတွင်း ပြုမူ ဆောင်ရွက် ခဲ့သမျှကို သူ မှတ်မိသလောက် ရေးခဲ့ ရှာသည်။ ခင်ပွန်းသည် အတွက်ကော၊ လူမမယ် ကလေး နှစ်ယောက် အတွက်ပါ သောက ရတတ် ပွေနေရှာသော မစ္စစ် ရစ်ခ်ျတာ အပေါ် သူ ရက်စက်လွန်းရာများ ကျနေသလား။ သို့သော် မစ္စစ် ရစ်ခ်ျတာက နောက်နေ့တွင် မှတ်မိသလောက်ထပ်ပေး ဦးမည် ဆိုသဖြင့် ကျေးဇူးတင်စွားဖြင့် အပြင် လိုက်ပို့ လိုက်သည်။ ဘီအမ်ဒဘလျူ ကားသစ်ကြီး စီးပြီး မစ္စစ် ရစ်ခ်ျတာ ပြန်သွားသည်နှင့် သူလည်း မိုတယ်သို့ ပြန်ကာ တစ်ချိုးတည်း တန်းအိပ် တော့သည်။

----------------------------------------------------

0 comments:

Post a Comment